ကွမ်တာကျေးရွာတွင် တိုင်းရင်းသားရေးရာနှင့် လူငယ်ရေးရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ဘားအံ ဇွန် ၈

တိုင်းရင်းသားရေးရာ အသိပညာပေး ဟောပြောခြင်း၊ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းနှင့် ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်ရေးရာအသိပညာပေးခြင်း အစီအစဉ်ကို ယမန်နေ့ နံနက်ပိုင်းက  လှိုင်းဘွဲမြို့နယ်၊ ကွမ်တာကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူး ဦးကျော်စိုးက အမှာစကား ပြောကြားပြီး တက်ရောက်လာကြသူများအား အမှတ်တရ လက်ဆောင်ပစ္စည်းနှင့် ကျောင်းသား/သူများအတွက် တိုင်းရင်းသားဘာသာသင် ပုံပြ/ပုံပြင်စာအုပ်များ၊ အားကစားပစ္စည်းများ ချီးမြှင့်ပေးအပ်သည်။

ထို့နောက် ပြည်နယ်ညွှန်ကြားရေးမှူးက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေနည်းဥပဒေများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ရီရီဝင်းက တိုင်းရင်းသားဘာသာသင် ဆရာ/ဆရာမများ ခန့်ထားမှု အခြေအနေနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုသင်တန်းများ ဖွင့်လှစ်မှုအခြေအနေများကို ရှင်းလင်းပြောကြားကာ တာဝန်ရှိသူများက သက်ဆိုင်ရာ ခေါင်းစဉ်များအလိုက် အသိပညာပေး ဟောပြောခဲ့ကြသည်။

ထို့နောက် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တက်ရောက်လာကြသော ကျောင်းသား/သူများအား ဗဟုသုတဉာဏ်စမ်းမေးခွန်းများ မေးမြန်းခဲ့ပြီး ဖြေဆိုနိုင်သူ ကျောင်းသား/သားသူများအား အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်ချီးမြှင့်ခဲ့ပြီး တက်ရောက်လာကြသော ဒေသခံများနှင့် ကျောင်းသား/သူများက တိုင်းရင်းသားဒေသ၏ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်မှု ဆန်းစစ်ချက် မေးခွန်းစစ်တမ်းကို ဖြေဆို ခဲ့ကြကာ ပြသထားသော အသိပညာပေး ပိုစတာများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရသည်။

အောင်ဖြိုး(တိုင်းရင်းသား)